ဒိုင်ပါ ( Diaper) ပွန်းရင် ဘာဖြစ်တတ်သလဲ
ဒိုင်ပါဆိုတာ ကလေးတွေပဲ သုံးရတာမဟုတ်တော့ဘဲ လူနာတွေ၊ ဆီးဝမ်းမထိန်းနိုင်တဲ့ လူကြီးတွေ၊ ခရီးဝေးသွားတဲ့လမ်းခရီးမှာ ရေအိမ် အဆင်မပြေတဲ့သူတွေနဲ့ ကိုဗစ်စင်တာတွေမှာ PPE အကြာကြီးဝတ်ရသူတွေလည်း အသုံးပြုလာကြပါတယ်။
ဒိုင်ပါသုံးတာ တွင်ကျယ်လာတာနဲ့အမျှ Diaper Rash လို့ ခေါ်တဲ့ ဒိုင်ပါပွန်းတဲ့အကြောင်းလည်း သိထားသင့်ပါတယ်။
ဒိုင်ပါပွန်းတယ်ဆိုတာ တကယ်တော့ အရေပြားရောင်ရမ်းခြင်း တစ်မျိုးသာ ဖြစ်ပြီး အချိန်မီသိရင်၊ သိပ်မဆိုးရင် အိမ်မှာပဲ ကုသလို့ ပျောက်ကင်းနိုင်တဲ့ အရာပါ။
- စိုစွတ်နေတဲ့၊ အညစ်အကြေးပေနေတဲ့ ဒိုင်ပါကို အကြာကြီးဝတ်ထားပေးတာ (အထူးသဖြင့် ဝမ်းလျှောနေတဲ့ အချိန်)
- တင်းကျပ်တဲ့ ဒိုင်ပါက အရေပြားကို တောက်လျှောက် ပွတ်တိုက်မိနေတာ
- သုံးနေကျမဟုတ်တဲ့ တံဆိပ်အသစ်ပြောင်းမိတာကနေ ဓာတ်မတည့်တာ
- ဒိုင်ပါဟာ ပူနွေးစိုစွတ်တဲ့ နေရာဖြစ်လို့ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားလွယ်တာ (ဘက်တီးရီးယားနဲ့ မှိုတွေကြောင့် အရေပြားမှာ အနီစက်တွေထွက်လာပါတယ်)
- ပိုးသတ်ဆေးတွေ သောက်နေတာ (ပိုးသတ်ဆေးတွေကြောင့် ဘက်တီးရီးယားတွေ မရှိတော့တဲ့နေရာမှာ မှိုတွေပေါက်ဖွားဖို့ ပိုလွယ်သလို ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဝမ်းလျှောတာကြောင့်လည်း ဒိုင်ပါပွန်းတာ ပိုဖြစ်နိုင်ပါတယ်)
- နဂိုတည်းက ထိခိုက်လွယ်တဲ့ အသားအရေဖြစ်တာ၊ နှင်းခူလို အရေပြားရောင်ရမ်းတဲ့ရောဂါ ရှိတာ စတာတွေပါပဲ။
ဒါတွေက ဒိုင်ပါပွန်းစေတဲ့ အကြောင်းတွေပါ။
ဘယ်လိုသက်သာစေမလဲ
ရောဂါလက္ခဏာတွေက ဒိုင်ပါနဲ့ထိတွေ့ရတဲ့ တင်ပါး၊ ပေါင်နဲ့ လိင်အင်္ဂါတွေ နီရဲရောင်ရမ်းနေတာ၊ ယားယံပြီး တင်းနေတာ၊ နာနေတာ၊ ကလေးတွေဆိုရင် ဒိုင်ပါလဲတဲ့အခါ ပိုပြီးငိုတာမျိုးတွေပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒိုင်ပါမကြာခဏလဲပေးတာ၊ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားတာ၊ Zinc oxide လို ခရင်မ်တစ်မျိုးမျိုးလိမ်းပေးတာ လုပ်လို့ရပါတယ်။
တကယ်လို့ အပေါ်ကကုသမှုတွေ အိမ်မှာလုပ်ပေမယ့် မသက်သာရင်၊ ဒိုင်ပါပွန်းတာနဲ့အတူ အဖျားရှိလာရင်၊ ပွန်းတဲ့ဧရိယာများရင်၊ ပွန်းတဲ့နေရာက သွေးထွက်တာ၊ ပိုယားလာတာဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။
ဘယ်လိုကာကွယ်မလဲ?
- ဒိုင်ပါ ဧရိယာတဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
- ဒိုင်ပါ မကြာခဏ လဲပါ။ အထူးသဖြင့် စိုစွတ်နေရင် ချက်ချင်းလဲပေးပါ။ ဖြစ်နိုင်ရင် စုပ်ယူမှုအားကောင်းတဲ့ ဒိုင်ပါမျိုးသုံးပါ။
- ဒိုင်ပါလဲတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။
- သန့်ရှင်းရေးလုပ်တဲ့အခါ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ပြီး ညင်သာစွာ သုတ်ပေးပါ။
- Zinc oxide နဲ့ petroleum jelly (vaselline) လို ခရင်မ်တွေ လိမ်းပေးပါ။
- ဒိုင်ပါလဲပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပြီးမှ တခြားအစိတ်အပိုင်းတွေကို ကိုင်တွယ်ပါ။
- ဖြစ်နိုင်ရင် ဒိုင်ပါမဝတ်ဘဲ လေသလပ်ချိန် ထားပါ။
ဒိုင်ပါပွန်းတာဟာ အချိန်မီမကုသရင် အနာဖြစ်ရာကတဆင့် ပိုးဝင်ပြီး ပိုးဆိပ်တက်တာ၊ အရေပြားအရောင်ပြောင်းသွားတာ၊ ဖျော့သွားတာ ဖြစ်နိုင်တာမို့ မဖြစ်အောင်ကာကွယ်တာ၊ ဖြစ်လာရင်လည်း ပျောက်ကင်းအောင်း ဂရုစိုက်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။